ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးခရီးစဉ် ကျန်းမာရေးဝန်ကြီး သဘောမတူသဖြင့် ဖျက်သိမ်း

0
644

ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးခရီးစဉ် ကျန်းမာရေးဝန်ကြီး သဘောမတူသဖြင့် ဖျက်သိမ်း၊ ကိုဗစ်ကာလ ကျန်းမာရေးဝန်ကြီးဌာန အာဏာအရှိဆုံးဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၇

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၈ ရက်နေ့ ၎င်း၏ မဲဆန္ဒနယ်ဖြစ်သော ကော့မှူးမြို့နယ်သို့ သွားရောက်ရန် စီစဉ်ထားမှုကို ကျန်းမာရေးဝန်ကြီးက သဘောမတူသဖြင့် ဖျက်သိမ်းလိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

ယနေ့ အွန်လိုင်းဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် စက်တင်ဘာ ၇ ရက်နေ့ ညနေတွင် ရန်ကုန်သို့ ထွက်ခွာ၍ ဆိပ်ကြီးခနောင်တိုတွင် နိုင်ငံတော် လုပ်ငန်းစဉ် တစ်ခုလုပ်ကိုင်ကာ မဲဆန္ဒနယ်ကော့မှူးသို့ သွားရောက်ရန် စီစဉ်ထားကြောင်း၊ သို့ရာတွင် ကျန်းမာရေးဝန်ကြီးဌာနက သဘောမတူသဖြင့် ခရီးစဉ် ဖျက်သိမ်းလိုက်ကြောင်း ၎င်းက ပြောဆိုသည်။

“မူလကဆိုရင် ဒီနေ့ညနေ ရန်ကုန်ဆင်းပြီးတော့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးကို ဆင်းပြီးတော့ နောက် ဆိပ်ကြီးခနောင်တိုမှာပဲ နိုင်ငံတော်အလုပ်တစ်ခုကို လုပ်ဖို့ ရှိပါတယ်။ ဒါပေမယ့် အဲဒါကို ကျန်းမာရေးဝန်ကြီးက ခရီးသွားတာကို သဘောမတူဘူးဆိုလို့ ကျမ အဲဒါကို ဖျက်သိမ်းလိုက်ပါတယ်။ ဒီအချိန်မှာ ကျမတို့နိုင်ငံမှာ အာဏာအရှိဆုံးက ကျန်းမာရေးဝန်ကြီးဌာနဖြစ်ပါတယ်။ အဲဒီကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာဖို့လိုတယ်။ ကျန်းမာရေးဝန်ကြီးဌာနက သဘောမတူတဲ့ကိစ္စတွေကို မလုပ်ဖို့လိုတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

ရန်ကုန်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ၎င်း၏ နေအိမ်တွင် ကိုဗစ်ရောဂါကူးစက်ခံရသူ တွေ့ရှိရမှုနှင့်ပတ်သက်၍လည်း အားနာပါကြောင်း ၎င်းက ပြောဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here