ပထမအချီမှာတင် ပြိုင်ဘက်ရဲ့ ချုပ်ကွက်အောက်မှာ အရှုံးပေးလိုက်ရတဲ့ အောင်လအန်ဆန်

Posted on

ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ကို စိန်ခေါ်သူ နယ်သာလန်နိုင်ငံသား ရီနီရာ ဒီရစ်ဒါ က ပထမအချီအတွင်း၌ အချုပ်ကွက်ဖြင့် အလဲထိုးအနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို လွှဲပြောင်းရယူနိုင်ခဲ့သည်။

ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲ ( ONE MMA ပြိုင်ပွဲ)တွင် လိုက်ဟဲဗီးဝိတ်နှင့်မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခုကို ရရှိထားသော ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည်၎င်း၏ လေးကြိမ်မြောက် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ် ကာကွယ်ပွဲအဖြစ် ယနေ့(အောက်တိုဘာလ၃၀ရက်) ညပိုင်းတွင် စင်ကာပူနိုင်ငံ၌ စိန်ခေါ်သူ ရီနီရာ ဒီရစ်ဒါ နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။

ထိုပွဲတွင် အောင်လအန်ဆန်ကို စိန်ခေါ်သူ ဒီရစ်ဒါက ပထမအချီ ၃မိနစ် နှင့် ၃၀စက္ကန့်တွင် လည်ပင်းကို နောက်ကနေ အချုပ်ကွက်ဖြင့် အလဲထိုးအနိုင်ယူခဲ့ခြင်းဖြစ်သည်။

အသက်၃၀နှစ်အရွယ်ရှိ ရီနီယာဒီရစ်ဒါသည် MMA ပြိုင်ပွဲ ၁၂ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းကိုရယူထားနိုင်သူဖြစ်ပြီး အောင်လအန်ဆန်၏ ချန်ပီယံ ခါးပတ်ကို စိန်ခေါ်ထိုးသတ်သည့် ပွဲမှာပင် ပထမဆုံး ကမ္ဘာ့ချတ်ပီယံခါးပတ်ကို ရယူနိုင်ခဲ့သည်။

အသက် ၃၅နှစ်အရွယ်ရှိအောင်လအန်ဆန်က One MMA မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်ကို ၂၀၁၇ ဇွန်လတွင် ရရှိထားခဲ့ပြီး ယခင်ယှဉ်ပြိုင်ထားခဲ့သော မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါး ပတ်ကာကွယ်ပွဲသုံးကြိမ်၌ သုံးပွဲလုံးတွင် အလဲထိုးအနိုင်ယူနိုင်ခဲ့သည်။

ပထမအကြိမ်တွင် ဂျပန်နိုင်ငံသား ကင်မ်ဟစဲဂါဝါကို ငါးချီ၌ လည်းကောင်း၊ ဒုတိယအကြိမ်တွင် လက်ဘနွန်နိုင်ငံသား မိုဟာမက်ကရာကီကို ပထမအချီ၌ လည်းကောင်း၊ တတိယအကြိမ်တွင် ကင်မ်ဟစဲဂါဝါကိုဒုတိယအချီ၌လည်းကောင်း အလဲထိုး၍ ချန်ပီယံခါးပတ်ကို ကာကွယ်ထားနိုင်ခဲ့သော်လည်း စတုတ္တအကြိမ် ခါးပတ်ကာကွယ်ပွဲမှ အရှုံးနှင့်ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

မိုင်းစောလွင်

Leave a Reply

Your email address will not be published. Required fields are marked *